World

လိမ္မာပါးနပ်သည်၊ နှစ်လိုခင်မင်ဖွယ်ကောင်းသည်၊ ကြမ်းကြုတ်သော စစ်တပ်တစ်တပ်ကို တိတ်တဆိတ် လက်နက်တပ်ဆင်ပေးနေသည်။

လွန်ခဲ့သည့် သုံးနှစ်က ကျော်သောင်းမိသားစုကို ပဲခူးကလပ်တွင် ပါတီပေးလျက် ပျော်ပါးလျက် တွေ့နိုင်မည် ဖြစ်သည်။ လေးစားကြည်ညိုဖွယ် ဗမာ-အိုင်ယာလန်ကပြား ဤမိသားစုက ကျွန်းသစ်အတိ တန်ဆာဆင် ထားသော ပဲခူးကလပ် အဆောက်အဦးကို မူလ ၁၉ ရာစု ဂုဏ်ကျက်သရေပြန်ရောက်အောင် ပြန်လည် မွမ်းမံခဲ့ပြီး ဂျင်အရက်တမြမြနှင့် ကိုလိုနီအရာရှိများ စိုးမိုးခြယ်လှယ်ခဲ့သည့် အငွေ့အသက်ပြန်ရအောင် အသက်သွင်းထား သကဲ့သို့ပင်ဖြစ်သည်။ ပဲခူးကလပ် ပြန်လည်ဖွင့်လှစ်ခြင်းသည် ကျော်သောင်းမိသားစု၏ အရှေ့တိုင်းနှင့် အနောက်တိုင်း ရောပြွမ်းပေါင်းစပ်မှုမှ အားယူသော ရပ်တည်ချက်မျိုး၊ ကမ္ဘာ့အသိုင်းအဝိုင်းနှင့် ဆက်ဆံ‌ ပေါင်းစပ်ခါစ နိုင်ငံတစ်ခု၏ အကောင်းမြင်မှုမျိုးတို့နှင့် အံဝင်ခွင်ကျဖြစ်လှသည်။

တစ်မြို့လုံး၏ အခြားနေရာများတွင် လျှပ်စစ်မီး အချိန်ပိုင်းအလိုက်ပြတ်တောက်နေချိန်တွင် ကျော်သောင်း မိသားစုသည် ရှန်ပိန်အသောက်မပျက်၊ အကအခုန်မပျက် ရှိနေပြီး ပြည်တော်ပြန်လူငယ် လုပ်ငန်းရှင်များ၊ စစ်ဗိုလ်ချုပ်ကြီးများ၏ ရွှေပေါ်မြတင် သမီးတော်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းဘဝမှ ပွင့်လင်းလာသည့် မြန်မာ့စီးပွားရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရအောင်ဆောင်ရွက်ရေး ရုတ်တရက် တာဝန်ရှိသွားသူများ စသည့် ပုဂ္ဂိုလ်များ တရုန်းရုန်းနှင့် နေလျက်သာ ရှိသည်။

မြန်မာ စစ်အာဏာရှင်များက ဆယ်စုနှစ်ပေါင်းများစွာကျင့်သုံးခဲ့သော တံခါးပိတ်ဝါဒကို ရပ်တန့်လိုက်သည့် အချိန်တွင် ကျော်သောင်းမိသားစုသည် မြန်မာနိုင်ငံအတွက် အလိုအပ်ဆုံးသော အစပ်အဟပ်ကို ပေးနိုင်သည်ကို မြင်ရလေသည်။ ကိန်းကြီးခန်းကြီးရှိသော မိသားစုဖြစ်သည့်အပြင် အလှူအတန်းလည်း ရက်ရောလှသည်။ အတွင်းလှိုက် ပျက်စီးပြီး တံခါးပိတ်နေသော နိုင်ငံတစ်ရပ်ကို ကမ္ဘာ့နှင့်ရင်ဘောင်တန်းသော စီးပွားရေး တစ်ရပ်အဖြစ်သို့ရောက်အောင် ဖုံးဖိစည်းရုံး ဆွဲဆောင်ဖန်တီးမည့် စီးပွားရေးကဏ္ဍအသွင်ပြောင်းလဲမှုမျိုးကို စူးစိုက်ဆောင်ရွက်တတ်သော ရာဇဝင်ရှိသည့် မိသားစုလည်းဖြစ်သည်။ ဤမိသားစုက အိမ်ခြံမြေနှင့် ပို့ကုန် သွင်းကုန် ကုမ္ပဏီများ ဆောင်ရွက်ကြောင်း အယောင်ပြထားသော်လည်း ၎င်းတို့၏ အဓိက ငွေတွင်းကြီးကိုမူ အစဉ်အဆက် ဖုံးကွယ်ထားလေသည်။

၎င်းတို့မှာ မူးယစ်ရာဇာများနှင့် မြန်မာ့စီးပွားရေးကို ဂုတ်သွေးစုပ်ချုပ်ကိုင်ထားသော ခရိုနီများနှင့်မတူ ခြားနား ကြောင်း မည်မျှပင် ကြိုးစားဟန်ဆောင်သည်ဖြစ်စေ၊ ကျော်သောင်းမိသားစုသည် ကမ္ဘာ့အကြမ်းကြုတ်ဆုံး စစ်တပ်ကို တိတ်တဆိတ်လက်နက် တပ်ဆင်ကူညီလျက်ရှိနေပါသည်။ ရိုဟင်ဂျာမူဆလင်များအပေါ် ကျူးလွန် သည့် လူမျိုးတုံးသုတ်သင်မှုကို မြန်မာ စစ်ဗိုလ်ချုပ်များ ကျူးလွန်သည့်အချိန်တွင် တပ်မတော်ဟု အမည်တပ် ထားသော မြန်မာစစ်တပ်နှင့် ကျော်သောင်းမိသားစု၏ ပတ်သက်ပူးပေါင်းမှုများက ပို၍ပင် နက်ရှိုင်းလာခဲ့သည်။ လက်ရှိကာလ နိုင်ငံတစ်နိုင်ငံလုံးကို အာဏာသိမ်းလိုက်ပြီး စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့၏ ခန့်မှန်းချက်အရ လက်နက်မဲ့ ပြည်သူ ၁,၃၀၀ ကျော်ကို သတ်ဖြတ်လိုက်သည့် အချိန်ထိ ၎င်းပတ်သက်မှုက မရပ်တန့်သေးချေ။

မိသားစု၏ မျိုးဆက်သစ် ဦးဂျော်နသန်ကျော်သောင်းသည် ကျော်သောင်းမိသားစု၏ ရှေ့ထွက်မင်းသားပင် ဖြစ်သည်။ မိသားစုလုပ်ငန်းဆက်ခံသူ မျိုးဆက်သစ် အသက် ၃၉ နှစ်ရှိပြီဖြစ်သူ ဦးဂျော်နသန်ကျော်သောင်းသည် တပ်မတော်ထံမှ လုပ်ငန်းများ ကန်ထရိုက်ယူနိုင်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုနှင့် အကျွမ်းတဝင်ဖြစ်အောင် ကြိုးစားခဲ့ရသည်။ ဦးဂျော်နသန်ကျော်သောင်းက ၂၀၁၅ ပဲရစ် လေကြောင်းပြပွဲတွင် မြန်မာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် တွေ့ဆုံခဲ့သည်။ ထိုပွဲတွင် အဆိုပါ လေတပ်ဦးစီးချုပ်က ပါကစ္စတန် တိုက်ခိုက်ရေး ဂျက်လေယာဉ်များကို ဝယ်ယူသွားပြီး လက်နက်အင်အား ဖြည့်တင်းခဲ့သည်။ ရုရှားတိုက်ခိုက်ရေး ရဟတ်ယာဉ်များအတွက် အပိုပစ္စည်းများကို ကျော်သောင်းမိသားစု လုပ်ငန်းတစ်ခုမှ တင်သွင်းခဲ့သည့် နောက်ပိုင်း အာဏာသိမ်းဆန့်ကျင်သူ ပြည်သူများကို ၎င်းလေယာဉ်များမှ စက်သေနတ်/အမြောက်များနှင့် ပစ်ခတ်တိုက်ခိုက်ခြင်း ရှိခဲ့ပါသည်။

ပဲခူးကလပ်ကို ပြန်လည်ပြုပြင်မွမ်းမံရန်အတွက်ပင် ကျော်သောင်းမိသားစုသည် ကလပ်ရှိုးပွဲများအတွက် စစ်တပ် စီးပွားရေး လုပ်ငန်းကြီးကို တစ်နှစ်လျှင် အနည်းဆုံး ဒေါ်လာ ငါးသိန်းတစ်သောင်း ပေးချေရမည့် အရောင်းအဝယ်တစ်ခုကို အပေးအယူထားခဲ့ရကြောင်း ကလပ်ရှိုးပွဲများအတွက် သဘောတူညီချက်တွင် တွေ့ရှိ ရသည်။

ကျော်သောင်းမိသားစုအကြောင်းကို နယူးယောက်တိုင်းမ်စ် သတင်းစာက စုံစမ်းဖော်ထုတ်ရန်ကြိုးပမ်းရာတွင် ကုမ္ပဏီဝန်ထမ်းဟောင်းပေါင်းများစွာ၊ စီးပွားဖက်များ၊ စစ်တပ်အတွင်းမှ သတင်းပေးများ၊ မိသားစုဝင်များ စသည့်ပုဂ္ဂိုလ်ပေါင်းများစွာနှင့် လူတွေ့မေးမြန်းခြင်းများ၊ လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ၊ စာချုပ်များ၊ တင်ဒါများ၊ အခြား ဘဏ္ဍာရေး အထောက်အထားများ စသည့် စာရွက်စာတမ်း စာမျက်နှာ ထောင်ပေါင်းများစွာကို လေ့လာခဲ့ရာ အများပြည်သူမျက်စိအောက် မရောက်အောင် ဗျူဟာမြောက် ဖုံးကွယ်သိုဝှက်ထားသော စစ်တပ် ဝယ်ယူရေးလုပ်ငန်း မဟာကွန်ရက်ကြီးတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါသည်။ အလှူအတန်းဖောင်ဒေးရှင်းတစ်ခုအဖြစ် မျက်နှာပြထားသော ဤမိသားစုက တပ်မတော်နှင့်နီးနီးကပ်ကပ် ပတ်သက်မှုကြောင့် အကျိုးကျေးဇူးရရှိ နေသည့်အပြင် အနောက်တိုင်း အစိုးရများ၏ စစ်ဆေး အရေးယူမှုများကို ရှောင်ရှားနိုင်အောင် စစ်တပ်ကို ကူညီ ထောက်ပံ့ခြင်းလည်း ဆောင်ရွက်နေပါသည်။

မတ်လ တပ်မတော်နေ့ စစ်ရေးပြချီတက်ပွဲတွင် လက်နက်များ ခင်းကျင်းပြသထားစဉ်။  တပ်မတော်အမည်ရှိ မြန်မာ စစ်တပ်သည် ပြည်သူများကို ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ကြောင်း နာမည်ဆိုးနှင့် ကျော်ကြားသည်။Credit…Associated Press

ကော့တေးပါတီများ၊ စီးပွားရေး ဆွေးနွေးပွဲများစသည့် လူရှေ့သူရှေ့တွင် ဤမိသားစုက ကောင်းသော အုပ်ချုပ်မှု၊ စီးပွားရေး လုပ်ငန်းများ၏ လူမှုတာဝန်၊ ပွင့်လင်းသော တင်ဒါခေါ်ယူမှု စသည့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်း စံနှုန်းများအကြောင်း အသံကောင်းဟစ်ကြသည်။ လူရည်လည်ပြီး စည်းရုံးတတ်သော၊ အနောက်တိုင်းမှ ပညာတတ်လာပြီး အင်္ဂလိပ်စကား ကျွမ်းကျင်သော ကျော်သောင်းမိသားစုဝင်များသည် တပ်မတော်နှင့် တိတ်တဆိတ် လက်ဝါးချင်းရိုက်သော သဘောတူညီချက်များကို အဓိက အားကိုး စီးပွားဖြစ်နေကြပါသည်။ ၎င်းလုပ်နည်းလုပ်ဟန်က အာရှ၏ အဆင်းရဲဆုံးနှင့် ဖိနှိပ်မှု အကြီးဆုံး နိုင်ငံများတွင်အပါအဝင်ဖြစ်သော မြန်မာနိုင်ငံတွင် ခရိုနီဟူသော လူတန်းစားတစ်ရပ် အခန့်သား ပေါ်လာစေခဲ့သည့် စရိုက်တစ်ခုလည်းဖြစ်သည်။

ကျော်သောင်းမိသားစု၏ ရာဇဝင်သည် မြန်မာနိုင်ငံ၏ သမိုင်းနှင့်တပြိုင်နက် ဖြစ်ပျက်ပေါ်ပေါက်လျက်ရှိသည်။ ရမ်းရမ်းကားကားစစ်တပ်နှင့် အကျိုးစီးပွားတစ်ခုတည်းသာ ကြည့်ပြီး အရာရာစတေးတတ်သည့် မိသားစုများက အညွန့်တလူလူနိုင်ငံတစ်ခုကို ချိုးဖဲ့ဖျက်ဆီးခဲ့ကြလေသည်။

စစ်တပ်ထံ ဥရောပထုတ် လေယာဉ်နှင့် ပြင်သစ်ထုတ် ကမ်းရိုးတန်းစောင့်ကြည့်ရေးစနစ်တစ်ခု ဝယ်ယူ တင်သွင်းခွင့် စာချုပ်များ မြိုးမြိုးမြက်မြက်ရရှိအောင် ကျော်သောင်းမိသားစုသည် ၎င်းတို့ မိသားစု၏ အချိတ်အဆက်များကို အသုံးချနိုင်ခဲ့သည်။ ရေတပ်အတွက် အီတလီထုတ် သေနတ်များကို တင်သွင်း ပေးရန်အတွက် ဈေးပြိုင်အဆိုပြုမှုတစ်ခုလည်း လုပ်ထားကြောင်းကို ထိုအကြောင်းပါသော အီးမေးတစ်စောင်နှင့် ဝန်ထမ်းဟောင်းတစ်ဦး၏ အတည်ပြုချက်အရသိရပါသည်။ ကျော်သောင်းမိသားစု၏ ကုမ္ပဏီများနှင့် စစ်တပ်တို့ သော်လည်းကောင်း၊ စစ်တပ်နှင့် ဆက်စပ် စီးပွားရေး လုပ်ငန်းများနှင့်သော်လည်းကောင်း ဆောင်ရွက်သော အရောင်းအဝယ်များ၊ သဘောတူညီချက်များကို ၎င်းတို့နှင့် ဆွေမျိုးမကင်းသူ၊ စွမ်းအင်ဝန်ကြီးအဖြစ်ရော အမျိုးသား ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌအဖြစ်ပါ တာဝန်ယူဖူးသည့် စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးက တရားဝင် ခွင့်ပြုချက်များ ချမှတ်ပေးခဲ့သည်။

ကျော်သောင်းမိသားစုသည် ၎င်းတို့ကြွယ်ဝမှုပမာဏကို ဖုံးဖိကွယ်ဝှက်ရန် ဗြိတိသျှဗာဂျင်ကျွန်းစုများမှသည် စင်္ကာပူအထိ စီရင်မှု ကွဲပြားသော ဒေသအသီးသီးတွင် ကုမ္ပဏီအမျိုးမျိုး မှိုလိုပေါက်အောင် ခွဲတည်ထောင် ထားသည်။ ၎င်းကုမ္ပဏီအချို့ကို အရောင်းအဝယ် တစ်ခုစီအတွက်သာ သီးသန့်တည်ထောင်ဖွင့်လှစ်ပြီး အလုပ် ပြီးသည်နှင့် ပြန်လည်ပိတ်သိမ်းလိုက်ကြသည်။ ကျော်သောင်းမိသားစုဝင်များ၊ တဆင့်ခံပုဂ္ဂိုလ်များ၏ ပါဝင်မှုကို ဖုံးကွယ်ထားနိုင်အောင် အမည်ပေါက်ပိုင်ဆိုင်မှုပုံစံ အမျိုးမျိုးကို အသုံးချခဲ့ကြသည်။

တပ်မတော်၏ အင်အားချဲ့ထွင်မှုကို ဟန့်တားနိုင်ရန် ချမှတ်ထားသည့် အနောက်တိုင်းမှ ပို့ကုန်သွင်းကုန် တားမြစ်ချက်များကို ရှောင်ကွင်းပြီး တပ်မတော်ကိုယ်စား ဝယ်ယူရေးများဆောင်ရွက်ပေးနေကြခြင်းဖြစ်သည်ဟု နိုင်ငံတကာ ပိတ်ဆို့မှုဆိုင်ရာ ကျွမ်းကျင်သူများနှင့် ကုမ္ပဏီ ဝန်ထမ်းဟောင်း ၅ ဦးက ဆိုပါသည်။ ကမ်းရိုးတန်း ရေဒါစနစ်မှာ ထိုကဲ့သို့ တားမြစ်ချက်များကို ဖောက်ဖျက် ဝယ်ယူထားခြင်း ဖြစ်နိုင်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းထောက်လှမ်းသူများက လူမျိုးတုန်း သတ်ဖြတ်မှု အဖြစ် ယူဆကြသော စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် ရိုဟင်ဂျာ မူဆလင်များ ထွက်ပြေးတိမ်းရှောင်စဉ်က ကမ်းရိုးတန်း ရေဒါနည်းပညာက အသက်ဝင်လည်ပတ်နေပြီဖြစ်သည်။

ဤမိသားစု၏ ကုမ္ပဏီတစ်ခုက စစ်တပ်ကို ဒေါ်လာ လေးသောင်းနှင့်အထက် လှူဒါန်းခဲ့ပြီး ၎င်း ငွေကြေးမှာ အသုံးပြုခဲ့သည့်လုပ်ငန်းမှာ လူမျိုးတုန်းသုတ်သင်ခြင်း ဖြစ်ပွားခဲ့သည့် နေရာတစ်ခုကို ဖုံးဖိရုပ်ဖျက်ခြင်းဟု ကမ္ဘာ့ကုလသမဂ္ဂက ဖော်ထုတ် သိရှိခဲ့ပါသည်။ စစ်တပ်က ရိုဟင်ဂျာများကို နှိပ်ကွပ်ညှဉ်းပန်းခြင်းဆိုင်ရာ ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုတွင် ၂၀၁၉ တွင် ထုတ်ပြန်ခဲ့ရာ အဆိုပါထည့်ဝင်ကူညီမှုကို ဖော်ပြထားခြင်း ရှိပါသည်။

ဦးဂျော်နသန်ကျော်သောင်းက လျော်ကန်မှု မရှိကြောင်း လူတွေ့မေးမြန်းမှုများတွင် ငြင်းဆိုသည်။ ၎င်းနှင့် စစ်တပ်အကြားဆက်ဆံရေးသည် မြန်မာနိုင်ငံအတွင်း အခြားသော စီးပွားရေးလုပ်ငန်းများနှင့် နည်းတူ သာမန် ဆက်ဆံရေးသာ ရှိကြောင်း ဆိုသည်။ ၎င်း၏ ဖခင်အပါအဝင် ကျော်သောင်းမိသားစုသည် တပ်မတော်အတွက် စစ်သုံးပစ္စည်းများ ထောက်ပံ့ပေးသွင်းခြင်း မရှိကြောင်း နှင့် အခြားမိသားစုများကသည်သာ စစ်တပ်၏ လက်နက်ကုန်သည်အစစ်များဖြစ်ကြောင်း ပြောဆိုသည်။ မိသားစု စီးပွားရေးကို စတင်တည်ထောင်ခဲ့သော ၎င်း၏ အဖိုးသည် ငါးဖမ်းလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများကိုပင် ပါဏာတိပါတာကံ ကျိုးမည်စိုးရိမ်သောကြောင့် ရှောင်ကြဉ်ခဲ့ကြောင်း မှတ်ချက်ပြုသေးသည်။

အသက် ၃၉နှစ်အရွယ် ဦးဂျော်နသန်ကျော်သောင်းက ၎င်းဖခင် ဦးမိုးကျော်သောင်းနှင့် နီးနီးကပ်ကပ် မနေဖြစ်ကြောင်းနှင့် ၎င်းဖခင် သီးသန့် လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းများအကြောင်းကို ၎င်းမသိကြောင်း ငြင်းဆိုသည်။ ၎င်းနှင့် ၎င်းဖခင်တို့ စီးပွားရေး လုပ်ငန်းများမှာ မတူညီသောကြောင့် ၎င်းဖခင် လုပ်ငန်းမှာ ၎င်းတို့ မိသားစု စီးပွားရေး လုပ်ငန်းဖြစ်သည်ဟု သိမ်းကျုံးယူဆရန် မသင့်ကြောင်း ထပ်မံ ပြောဆိုပြန်ပါသည်။ (သို့ရာတွင် ဦးဂျော်နသန်ကျော်သောင်းသည် ၎င်းဖခင်၏ ကုမ္ပဏီတစ်ခုတွင် ဒါရိုက်တာ အဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိလည်း ၎င်းဖခင်ပိုင် နောက်ထပ် ကုမ္ပဏီအခွဲတစ်ခုတွင် ဒါရိုက်တာအဖြစ် တာဝန်ယူနေသည်။)

“ကျွန်တော် ကျွန်တော့်နိုင်ငံကို ချစ်တဲ့စိတ်ကြောင့် ပြန်လာတာပါ။ ကျွန်တော် ဝေါစထရိကို သွားအလုပ် မလုပ်ခဲ့ဘူး။ ကျွန်တော့်မိတ်ဆွေတွေ သွားလုပ်ကြသလို လော့စ်အိန်ဂျလိစ်သွားပြီး သီချင်းကုမ္ပဏီမထောင်ဘူး။ ဇာတိမြေကို ပြန်လာတာ။ ကျွန်တော် ဇာတိမြေကို ပြန်လာတာ ငွေမက်လို့မဟုတ်ဘူး။ မိသားစု အစဉ်အလာကို ထိန်းသိမ်းဖို့။” ဟု ဦးဂျော်နသန်ကျော်သောင်းက ဆိုသည်။

မိသားစုအချိတ်အဆက်များ

ဦးဂျော်နသန်ကျော်သောင်းက ကမ္ဘာကို ပြခဲ့သည့်ပုံရိပ်မှာ မြန်မာ့အခမ်းနားဆုံး မျိုးဆက်ထဲက ဆက်ခံသူ တစ်ဦးအနေနှင့် ပနံတင့်စေသည့် ပုံရိပ်ဖြစ်သည်။ ထိုင်းဘုရင်လည်း ကျောင်းသားအဖြစ် တက်ရောက်ခဲ့သော ဗြိတိသျှ မေးလ်ဖီးတက္ကသိုလ်မှ နှစ်လိုဖွယ် ဘွဲ့ရတစ်ဦးဟူသည့် ပုံရိပ်လည်းဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် The Asian Institute of Management မှ ထုတ်ဝေသော ဆောင်းပါးတစ်ပုဒ်တွင် ဦးဂျော်နသန်ကျော်သောင်းက ၎င်း၏ အဖိုးကို ဘက်ကင်ဂမ်နန်းတော်က အရေးတယူ ဖိတ်ခေါ်ရသည့်အကြောင်း၊ အဖိုးက ၎င်းကို စီးပွားရေးဆိုင်ရာ အဆုံးအမများ ပို့ချခဲ့သည့်အကြောင်း ပြောပြခဲ့သည်။ အဖိုးဦးကျော်သောင်းမဆုံးခင် နောက်ဆုံးတွေ့ခဲ့ရသူမှာ ၎င်းကိုယ်တိုင်ပင်ဖြစ်ကြောင်း မြေးဖြစ်သူ ဦးဂျော်နသန်ကျော်သောင်းက ထိုဆောင်းပါးတွင် ပြောခဲ့ပါသည်။

သို့ရာတွင် ထိုပြောဆိုချက်များမှာ အလိမ်အညာသာဖြစ်သည်။

အဖိုးဦးကျော်သောင်းဆုံးပါးချိန်တွင် ဦးဂျော်နသန်ကျော်သောင်းမှာ လမ်းလျှောက်တတ်ခါစ ကလေးအရွယ်သာ ဖြစ်သောကြောင့် စီးပွားရေး အဆုံးအမ လိုအပ်မည် မဟုတ်ပေ။ ဘက်ကင်ဂမ် နန်းတော်မှ ဖိတ်ခေါ်ခဲ့ခြင်းလည်း အလျဉ်းမရှိခဲ့ဟု ကျော်သောင်း မိသားစုဝင် လေးဦးက The Times သတင်းစာနှင့် ဆွေးနွေးချိန် ဖွင့်ဟခဲ့ပါသည်။ ဦးဂျော်နသန်ကျော်သောင်း၏ ကိုယ်ရေး အထုပ္ပတ္တိတွင်၎င်းက ဘက်ဘဆင် ကောလိပ်မှ စွန့်ဦးတီထွင်မှုနှင့် စီးပွားရေး စီမံခန့်ခွဲမှု ဘာသာရပ်တို့ဖြစ် ကျောင်းပြီးသည်ဟု ဖော်ပြထားသော်ငြား၊ ၎င်းသည် ထိုကျောင်းတွင် ပြီးစီးအောင်မြင်ခြင်း မရှိခဲ့ပါဟု ကိုယ်တိုင်ဝန်ခံထားပါသည်။

“အားလုံးအမှန်သိအောင် ကျွန်တော်ပြောပြမယ်။ ကျွန်တော့်မိသားစုဟာ မြန်မာနိုင်ငံမှာ သမိုင်းအရှည်ဆုံး စီးပွားရေး မိသားစုပဲ။” ဟု ဦးဂျော်နသန်ကျော်သောင်းက ဆိုသည်။ “ကျွန်တော့်အဖိုးဆိုရင်လည်း အင်မတန်‌ အောင်မြင်ခဲ့တာ။ “ကျွန်တော့်အဖေလည်း အင်မတန်အောင်မြင်ခဲ့တယ်။”

“ကျွန်တော်ကိုယ်တိုင်လည်း ထူးချွန်အောင်မြင်သူ တစ်ယောက်ပဲ။ ကျွန်တော် ဘယ်တော့မှ ဖြတ်လမ်း မလိုက် ဘူး။” ဟုပြောရင်း ၎င်းက အပြေးအားကစား၊ ဘောလုံးအားကစားနှင့် စီးပွားရေးတွင် ထူးချွန်အောင်မြင်သူ ဖြစ်ကြောင်း ဆက်ပြောသည်။

ကျော်သောင်း၊
ဂျော်နသန် ကျော်သောင်း။

ဦးဂျော်နသန်ကျော်သောင်းသည် မြန်မာစစ်ဗိုလ်ချုပ်များ နိုင်ငံတံခါးပိတ် ဝါဒကျင့်သုံးလိုက်ချိန်တွင် နိုင်ငံအပြင်ကို ဆန္ဒအလျောက် ထွက်ပြေးတိမ်းရှောင်ကြသော၊ အဆက်အသွယ်ကောင်းများရှိပြီး ချမ်းချမ်းသာသာ နေနိုင် ကြသော အုပ်စုတွင် အပါအဝင်ဖြစ်သည်။ ဤမိသားစု၏ ကနဦး ကြွယ်ဝမှုက ဂုန်လျှော်လုပ်ငန်းကို အခြေပြု ထားသည်။ ဂုန်လျှော်ဆိုသည်မှာ ကြိုး၊ လျှော်ကြိုးများလုပ်ရန် သုံးသော သဘာဝချည်မျှင်တမျိုးဖြစ်သည်။ စစ်တပ်က ပထမဆုံး ၁၉၆၂တွင် အာဏာသိမ်းပြီး ဆိုရှယ်လစ်စနစ်ကို အဓမ္မပြောင်းသော ကမောက်ကမ ဖြစ်စဉ်တွင် ၎င်းတို့ ဂုန်လျှော်စက်က ပြည်သူပိုင် အသိမ်းခံခဲ့ရသည်။

တချိန်က တက္ကသိုလ်ကျောင်းကောင်းများနှင့် ဘာသာစကားယဉ်ကျေးမှု စုံလင်သော တိုးတက်သည့် မြို့ပြ နေထိုင်မှုစနစ်ရှိသည့် လေးစားအားကျဖွယ် ဗမာပြည်က တဖြည်းဖြည်း ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေသည့်အခြေဆိုက်ခဲ့သည်။ အုပ်ချုပ်နေသည့် အာဏာသိမ်း စစ်အုပ်စုကနိုင်ငံအမည်ကို မြန်မာဟု ပြောင်းလဲမှည့်ခေါ်သည်။

ဦးဂျော်နသန်ကျော်သောင်း၏ ဖခင်ဖြစ်သူကို မြောက်အိုင်ယာလန်သို့ စေလွှတ်ခိုလှုံခိုင်းသောကြောင့် ပြည်သူပိုင် သိမ်းခံရခြင်းမှ လွတ်မြောက်သွားသည်။ ၎င်း၏မောင်နှမများက ထိုင်း၊ စင်္ကာပူ၊ အမေရိကနှင့် ဗြိတိန်နိုင်ငံတို့သို့ အကွဲကွဲအပြားပြား ရောက်ရှိသွားကြသည်။ တနိုင်ငံလုံးနှင့်အတူ ရန်ကုန်မှ မိသားစုပိုင် စံအိမ်ကြီးသည်လည်း တဖြည်းဖြည်း ယိုယွင်းဆွေးမြည့်သွားလေသည်။

နိုင်ငံရပ်ခြားသို့ တကွဲတပြားရောက်ရှိသွားကြသော်လည်း ကျော်သောင်းမိသားစုက မြန်မာနိုင်ငံနှင့် အဆက် အသွယ်မပြတ်ကြဘဲ စီးပွားရေး လုပ်ရန်အတွက် မကြာခဏ ခရီးသွားလာရောက်ခြင်း ရှိကြသည်။ ထိုသို့ သွားလာ လည်ပတ်မှု အဆင်ပြေစေရန် ကူညီပေးကြသော ဆွေမျိုးများတွင် အဆင့်မြင့် စစ်တပ် အရာရှိများ၊ ဝန်ကြီးများနှင့် အာဏာသိမ်းစစ်ခေါင်းဆောင်များ၏ အနီးကပ် အတိုင်ပင်ခံများပါဝင်သည်။ ဝမ်းကွဲညီအမ တစ်ဦးက ဦးဇေယျာအောင်နှင့် အိမ်ထောင်ပြုလိုက်သည်။ ဦးဇေယျာအောင်က လူရည်လည်ပြီး အင်္ဂလိပ်စကား တတ်ကျွမ်းသော ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ခြေမြန်တပ်ရင်း ၈၈ကို ဦးဆောင်ခဲ့သူ လည်းဖြစ်သည်။ ထိုဌာန ၂ ခုလုံးသည် ဆယ်စုနှစ်များကြာအောင် မြန်မာပြည်သူများအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့် ပတ်သက်မှု ရှိသည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ဖော်ထုတ်ထားခြင်းလည်း ရှိပါသည်။

မြန်မာ၏ လက်သင့်ရာ စားတော်ခေါ်သည့် အချိတ်အဆက်များမှာ မိသားစု ပတ်သက်ရာ ပတ်သက်ကြောင်း များအပေါ် အခြေခံသည်။ စစ်ဗိုလ်ချုပ်များ၏ သားသမီးများသည် များသောအားဖြင့် နီးစပ်ရာ အချင်းချင်း ကြားသာ လက်ထပ်ကြသည်။ အခြား အလားတူ စစ်တပ်အနွယ်ဝင်ဖြစ်စေ၊ စီးပွားရေး ခရိုနီကြီးများ၏ သားသမီး များနှင့် ဖြစ်စေသာ လက်ထပ်ကြသည်။

ကျော်သောင်းမိသားစုဝင်များက စစ်တပ်ကန်ထရိုက်များကို လိုက်လံပြိုင်ဆိုင်ရယူနေချိန်သည် ဦးဇေယျာအောင် က မီးရထားဝန်ကြီး၊ စွမ်းအင်ဝန်ကြီးနှင့် အမျိုးသား ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားချိန် ဖြစ်သည်။ ၎င်း၏ လုပ်ပိုင်ခွင့်များကို သုံးပြီး ကျော်သောင်းမိသားစုအတွက် အရောင်းအဝယ်ခွင့်ပြုချက်များစွာကို လက်မှတ်ထိုး ခွင့်ပြုခဲ့ကြောင်း ကော်ပိုရိတ် မှတ်တမ်းများ စာချုပ်များအရ သိရပါသည်။

တပ်မတော်က စီးပွားရေးပိုင်း ဖြေလျှော့လာချိန်တွင် စစ်တပ်ပိုင်ဖြစ်ခဲ့သော ပိုင်ဆိုင်မှုများကို အောက်ဈေးဖြင့် တရဟော ထုတ်ရောင်းရာ ရေပေါ်ဆီလူတန်းစားတစ်ရပ်က အကျိုးအမြတ်ရရှိရေးအတွက် ပြည်တွင်းသို့ အလုံးအရင်း ပြန်လည် ဝင်ရောက်လာခဲ့ကြလေသည်။ ဦးဂျော်နသန်ကျော်သောင်းလည်း နိုင်ငံရပ်ခြားတွင် ကြီးပြင်းကြသော မောင်နှမများလည်းအတူ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြသည်။

၎င်းဖခင်၏ ခြေရာအတိုင်း ထပ်ကြပ်လိုက်ခြင်းလည်းဖြစ်သည်။ စစ်တပ်အုပ်ချုပ်မှုအောက်မှ မြန်မာပြည်သို့ အစောဆုံး ပြန်လာကြသော စီးပွားရေးသမားများတွင် ၎င်းဖခင်ကလည်း မြောက်အိုင်ယာလန်နှင့် စင်္ကာပူတွင် အနေကြာပြီး ပြန်ရောက်လာသူအဖြစ် ပါဝင်ပါသည်။ ၎င်းက မိသားစုစီးပွားရေးသည် ပို့ကုန်သွင်းကုန် လုပ်ငန်းအပေါ် အခြေတည်ထားသည်ဟု ပြောဆိုသော်လည်း ဦးမိုးကျော်သောင်းက တပ်မတော်နှင့် ၎င်း၏ ဆက်ဆံရေးကို အဆင်ပြေခိုင်မာစေရန် စစ်ဗိုလ်ချုပ်များအတွက် အနောက်တိုင်းနှင့် ဆက်ဆံရေး ပွဲစားအဖြစ် ဆောင်ရွက်ပေးနေကြောင်း စီးပွားဖက် ၇ ဦး၊ စစ်တပ်အတွင်းလူများနှင့် မိသားစုဝင်များက ဖွင့်ဟထားသည်။ အာဏာသိမ်းခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားသမီးများအတွက် နိုင်ငံရပ်ခြားပညာရေးကို ၎င်းက စီမံပေးခဲ့ရသည်ဟု ကြွားဝါလေ့ရှိကြောင်း အဆိုပါ သတင်းပေးများအနက် ငါးဦးက ဆိုပါသည်။ ၎င်းနှင့် စပ်လျဉ်း၍ မှတ်ချက်ပြုရန်တောင်းဆိုချက်များကို ဦးမိုးကျော်သောင်းက အကြောင်းမပြန်ပါ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ မြန်မာနိုင်ငံမှ အာဏာသိမ်းခေါင်းဆောင်ဟောင်းကို ၂၀၁၀ ခုနှစ် ၆၅ နှစ်မြောက် တပ်မတော်နေ့တွင် တွေ့ရစဉ်။ ကျော်သောင်းမိသားစုနှင့် ပတ်သက်မှုရှိသော အဆင့်မြင့် တပ်မတော်အရာရှိများတွင် ၎င်းလည်းပါဝင်ပါသည်။Credit…Christophe Archambault/Agence France-Presse — Getty Images

ဤမိသားစုက မီဒီယာပေါ်တွင် မြင်သာမှုမရှိအောင် သိုသိပ်စွာ နေထိုင်သော်လည်း အချို့သတင်းအချက်အလက် များ ပေါ်ထွက်လာပါသည်။ ၂၀၀၂ တွင် တပ်မတော်ပိုင် သတင်းစာတစ်ခုတွင် ဦးဂျော်နသန်ကျော်သောင်းနှင့် ဖခင် မိုးကျော်သောင်းတို့က စစ်တပ်နှင့် ပတ်သက်သည့် စေတီတစ်ဆူ ပြန်လည်တည်ဆောက်ရေးအတွက် အလှူပွဲတစ်ခုတွင် ကျပ်ငွေ သိန်း ၇၀ လှူဒါန်းကြောင်း ဖော်ပြပါရှိသည်။

ကျော်သောင်းမိသားစုသည် တပ်မတော်ကို ငွေကြေးအားဖြင့်လည်းကောင်း၊ အခြား အထောက်အပံ့များအားဖြင့် လည်းကောင်း ကူညီလျက်ရှိပြီး ၂၀၁၇ တွင် တပ်မတော်မှ စစ်သားများက လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း စွဲဆိုချက်များ ပေါ်လာသည်ထိလည်း အကူအညီ မပျက်ခဲ့ပေ။ ရိုဟင်ဂျာများနှင့် အခြား လူနည်းစု တိုင်းရင်းသားများ အပေါ် ကျူးလွန်ခဲ့သည့် သတ်ဖြတ်နှိပ်စက်မှုများသည် တပ်မတော်နှင့် အရပ်သား အစိုးရတို့ အာဏာ မျှယူလာကြသည့် ကာလအစပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရှားရှားပါးပါး သွေးမြေမကျ သော နိုင်ငံရေး အသွင်ပြောင်းမှုဟူသည့် အားရကျေနပ်ဖွယ် ဇာတ်ရုပ်ကို အိုးမဲသုတ်ခြင်းပင်။

ဦးဂျော်နသန်ကျော်သောင်းပိုင် ကုမ္ပဏီ အုပ်စုကြီးဖြစ်သော ကေတီအုပ်စုသည် မူဆလင် လူနည်းစုများ ထွက်ပြေး စွန့်ခွာခဲ့သော မြေများကို ပြန်လည်ပြုပြင်တည်‌ဆောက်ရန် ငွေလှူဒါန်းခဲ့သည်။

“လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအပါအဝင် နိုင်ငံတကာ ဥပဒေချိုးဖောက်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်သူတွေကို တိုက်ရိုက်အထောက်အကူ ကြီးကြီးမားမားပေးတဲ့အတွက် ရာဇဝတ်သင့်မှု ရှိမရှိ ဆန်းစစ်ဖို့ ဒီကုမ္ပဏီ အရာရှိတွေကို စစ်ဆေးသင့်တယ်။” ဟု ၂၀၁၉ ခုနှစ်ထုတ်ပြန်သည့်အစီရင်ခံစာတွင် ပါဝင်ခဲ့သည့် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အရာရှိ တစ်ဦးဖြစ်သူ ခရစ် စီဒေါ့တီက ပြောပါသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ရိုဟင်ဂျာများအပေါ် အကြမ်းဖက် ကျူးလွန်မှုကြောင့် ဦးမိုးကျော်သောင်း၏ Ky-Tha ကုမ္ပဏီသည် မြန်မာလေတပ် ထိပ်တန်းအရာရှိများနှင့် ပဲရစ်မြို့ အခြေစိုက် လေကြောင်းနှင့် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းကြီးဖြစ်သည့် ဆေဖရန် (Safran) တို့အကြား စည်းဝေးတွေ့ဆုံနိုင်အောင် ကူညီပေးခဲ့ကြောင်း ပေါက်ကြားလာသော စာရွက်စာတမ်း တစ်ခုအရ သိရှိရသည်။ ထိုစာရွက်စာတမ်းကို Justice For Myanmar ဟူသည့် စစ်တပ်၏ စီးပွားရေး လုပ်ငန်း များကို လေ့လာစောင့်ကြည့်သည့် အဖွဲ့အစည်းက စုံစမ်း ထုတ်ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအစည်းအဝေးက တပ်မတော်၏ ရဟတ်ယာဉ်များကို ပြုပြင်ထိန်းသိမ်းရေး လုပ်ပေးရန်စီစဉ်ခြင်းဖြစ်သည်။ရိုဟင်ဂျာများနှင့် အခြားလူနည်းစုတိုင်းရင်းသားများကို တိုက်ခိုက်သတ်ဖြတ်ရန် သုံးခဲ့သည့် ရုရှားလုပ် MI-17 တိုက်ခိုက်ရေး ရဟတ်ယာဉ်လည်း အပါအဝင်ဖြစ်သည်။

ပဲရစ်မြို့ ဆင်ခြေဖုန်းမှ ဆေဖရန် (Safran) ရုံးချုပ်၊ လေကြောင်းနှင့်ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ ပေါက်ကြားလာသော စာရွက်စာတမ်းတစ်ခုတွင်ဆေဖရန် (Safran) ကိုယ်စားလှယ်များနှင့် မြန်မာလေတပ်မှ ထိပ်တန်းအရာရှိများက ၂၀၁၇တွင် တွေ့ဆုံပြီး တပ်မတော် ရဟတ်ယာဉ်များ ပြုပြင်ထိန်းသိမ်းရေးအကြောင်းဆွေးနွေးခဲ့ကြသည်။ ထိုလက်နက်များကို ရိုဟင်ဂျာများအား ဖိနှိပ်တိုက်ခိုက်ရန်အသုံးပြုခဲ့ကြသည်။ ထိုအစည်းအဝေးတွင် သဘောတူညီချက် ရမရကိုအတည်မပြုနိုင်သေးပါ။Credit…Gonzalo Fuentes/Reuters

ဆေဖရန် (Safran)က ထိုကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပြုရန် ငြင်းဆန်သည်။ ထိုဆွေးနွေးချက်များမှ ပြုပြင်ထိန်းသိမ်းရေး သဘောတူညီချက်တစ်ခု ရခဲ့ခြင်း ရှိမရှိ မသေချာပါ။ ဦးဂျော်နသန်ကျော်သောင်းက ဆေဖရန် (Safran)ကို ကြားပင်မကြားဖူးဟု ဆိုသည်။

မိသားစု ဆွေမျိုးများနှင့် ပတ်သက်မှုများအပြင် ဦးဂျော်နသန်ကျော်သောင်းသည် မြန်မာနိုင်ငံရှိ ဩဇာတိက္ကမ အကြီးဆုံး ခရိုနီများတွင် ပါဝင်ပြီး ကမ္ဘောဇ အုပ်စုတည်ထောင်သူ ဦးအောင်ကိုဝင်းနှင့်လည်း ဆက်ဆံရေး ကောင်းတစ်ရပ်ရှိအောင် ဂရုတစိုက် ဆောင်ရွက်ခဲ့သည်။ ကေဘီဇက်ဟု သိကြသော ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ အဓိက စီးပွားရေး လုပ်ငန်းအများစုတွင် ပါဝင်နေပါသည်။ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ လေကြောင်း ပို့ဆောင်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် သတ္တုတွင်းလုပ်ငန်းဟူ၍ လုပ်ငန်းများစွာတွင် ကေဘီဇက်ရှိပါသည်။ စစ်အစိုးရနှင့် ပတ်သက်မှုများကြောင့် ဥရောပသမဂ္ဂက ဦးအောင်ကိုဝင်းကို ဦးတည် အရေးယူပိတ်ဆို့ထားမှုများ ရှိပါသည်။

ဦးအောင်ကိုဝင်း၏ ကျောထောက်နောက်ခံကြောင့် ဦးဂျော်နသန်ကျော်သောင်းသည် စစ်တပ်မှ အရေးပါသူ ‘အကောင်ကြီးကြီး’များနှင့် တွေ့ခွင့်ရကြောင်း ဝန်ထမ်းဟောင်း ၄ ဦးက ဆိုပါသည်။ ဦးအောင်ကိုဝင်းက ၎င်း၏ ဩဇာနှင့် ငွေကြေး ပေးအပ်ကူညီမှုကြောင့် ဦးဂျော်နသန်ကျော်သောင်းက ရေနံနှင့် သဘာဝဓါတ်ငွေ့ ကုမ္ပဏီ တစ်ခုထောင်ခြင်း၊ ဆက်သွယ်ရေးလိုင်စင် ရရှိခြင်းနှင့် တပ်မတော်အတွက် လေယာဉ်ဝယ်ယူခြင်းကို လူမသိ အောင် တိတ်တိတ် ဖုံးကွယ်နိုင်ခဲ့ခြင်းတို့ ရှိပါသည်။

ရန်ကုန်မြို့ပေါ်မှ ကေဘီဇက် လေကြောင်းမှ ခရီးသည်တင်လေယာဉ်တစ်စီး(၂၀၁၉) ကေဘီဇက်ဟု သိကြသော ကမ္ဘောဇ ကုမ္ပဏီအုပ်စုသည် မြန်မာနိုင်ငံမှ စီးပွားရေးအမျိုးအစားများစွာကို လုပ်ကိုင်နေပြီး တည်ထောင်သူ ဦးအောင်ကိုဝင်းကို စစ်အစိုးရနှင့်ပတ်သက်မှုကြောင့် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှုများလည်းလုပ်ဆောင်ထားသည်။Credit…Nyein Chan Naing/EPA, via Shutterstock

များမကြာမီတွင် ဦးဂျော်နသန်ကျော်သောင်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ် မင်းအောင်လှိုင်၊ ၎င်း၏ သားသမီး တို့နှင့် ရင်းနှီးအောင် အရောဝင်လျက်ရှိလာတော့သည်ဟု ဝန်ထမ်းဟောင်း၊ ဆွေမျိုးများ၊ စီးပွားဖက်များနှင့် စစ်တပ် အတွင်းလူများစသည့် ပုဂ္ဂိုလ် ၁၁ ဦးက ဆိုပါသည်။ မလေးရှားတွင် ကျင်းပသော ဒေသတွင်း ကာကွယ်ရေး ညီလာခံတစ်ခုသို့ မင်းအောင်လှိုင်နှင့်အတူ ကျောင်သောင်းမိသားစုဝင်များလည်း လိုက်ပါလာခဲ့ သည်ဟု ထိုခရီးစဉ်တွင် ပါသူ နှစ်ဦးက ဆိုပါသည်။

ဦးဂျော်နသန်ကျော်သောင်းကဆိုသည် ဗိုလ်ချုပ်မင်းအောင်လှိုင်မိသားစုနှင့် သူ့ဆက်ဆံရေး အဆင်မပြေ တော့ကြောင်းပြောပါသည်။ စစ်ဦးစီးချုပ်နှင့် ဆက်ဆံရေးလမ်းကြောင်းကို မိမိကိုယ်တိုင် ကြိုးစားတည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ဦးအောင်ကိုဝင်းမှာ ၎င်းကို လမ်းညွှန်ဆုံးမမှုပေးသူတစ်ဦးဖြစ်ကြောင်း၊ စီးပွားရေး အမြော်အမြင် ထက်မြက်ဉာဏ်ကြီးသူဖြစ်ကြောင်း ဆိုသည်။

ဂျိန်းစဘွန်းပရိသတ် ဦးအောင်ကိုဝင်းအတွက် အထူးပုံစံထုတ်ထားသော လန်ဒန်အလည်အပတ် ခရီးစဉ်တစ်ခု စီစဉ်ပေးရန် ဦးဂျော်နသန်ကျော်သောင်းက နိုင်ငံခြား ဝန်ထမ်းတစ်ဦးကို လွန်ခဲ့သည့် ခြောက်နှစ်က ခိုင်းစေ ခဲ့ကြောင်းသိရသည်။ The Times သတင်းစာက လေ့လာတွေ့ရှိခဲ့သော ငွေလက်ခံများ၊ စာပေးစာယူများတွင် အဆိုပါခရီးစဉ် အသေးစိတ်ကို တွေ့မြင်ရသည်။ ခရီးစဉ်တွင် သိမ်းမြစ်ပေါ် ကိုယ်ပိုင် ဇိမ်ခံလှေ ခရီးစဉ်ပါဝင်ပြီး၊ ထိုလှေတွင် အဆိုတော်အဒဲလ်၏ ဂျိန်းစဘွန်းဇာတ်ဝင်တေး စကိုင်းဖောကို အသံကုန်ဖွင့်ထားရမည် ဟုလည်းတွေ့ရသည်။ ထိုသီချင်းက ကေဘီဇက် သူဌေးကြီး၏ အကြိုက်ဆုံး ဘွန်းဇာတ်ဝင်သီချင်းဖြစ်သည်ဟု ဆိုပါသည်။ မြစ်တွင်းခရီးစဉ်တွင် တနေရာ၌ ဦးအောင်ကိုဝင်း၏ ဦးထုပ်မှာ လွင့်ထွက်သွားပြီး စက်လှေမောင်းက ပြန်ဆယ်ယူပေးခဲ့ရသည်ဟု ဆိုပါသည်။ ၎င်းကို ဘေးရန်ကြောက်ရွံ့သောကြောင့် အမည်မဖော်လိုသူ နိုင်ငံခြား ဝန်ထမ်းက ပြန်လည်ပြောပြခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဇတည်ထောင်သူ ဦးအောင်ကိုဝင်း (ဝဲ)က အကြီးစားအခွန်ထမ်းပြည်သူများကို ဂုဏ်ပြုပွဲတစ်ခုတွင် (ထိုစဉ်က မြန်မာနိုင်ငံသမ္မတ) ဦးဝင်းမြင့်ထံမှ ဆု လက်ခံရယူစဉ်။ ဖေဖော်ဝါရီလ အာဏာသိမ်းမှုတွင် ဦးဝင်းမြင့်ကို ဖြုတ်ချခဲ့ပြီး ထောင်ဒဏ်နှစ်ပေါင်းများစွာ ကျခံရနိုင်ခြေရှိသည်။Credit…Hein Htet/EPA, via Shutterstock

မြန်မာနိုင်ငံသို့ ပြန်အရောက်တွင် ဦးဂျော်နသန်ကျော်သောင်းက နှစ်ပေခန့်မြင့်သည့် ဖန်ပလ္လင်တုံး တစ်တုံးကို သိမ်းမြစ်ပေါ်မှ ဦးအောင်ကိုဝင်းပုံဖြင့် တန်ဆာဆင်လျက် ဒီဇိုင်းအပ်ခဲ့သည်။ ဖန်ပန်းပု၏ ထိပ်ပိုင်းတွင် ဦးအောင်ကိုဝင်း၏ အနားဝိုင်း ဦးထုပ်ကို တင်ထားသည်။

အမည်လွှဲပုံဖျက် ကုမ္ပဏီ

ဥရောပ ရဟတ်ယာဉ်ဝယ်ယူစဉ်က မြန်မာ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းတွင် အသုံးပြုရန်ဟု စာရွက်ပေါ် တွင်တော့ အမည်တပ်ထားသည်။

သို့ရာတွင် ဒေါ်လာ ၂.၁၆ သန်းတန် ထိုရဟတ်ယာဉ်မှာ စီးပွားရေး လုပ်ငန်းသုံးမဟုတ်ကြောင်း ကျော်သောင်း မိသားစုပိုင် ကုမ္ပဏီနှင့် စာချုပ်တစ်ခုတွင် ဖော်ပြထားပါသည်။ ထိုရဟတ်ယာဉ်က နောက်ဆုံးတွင် တပ်မတော်၏ လက်ထဲသို့ ရောက်သွားတော့သည်။ ၎င်းက စာရွက်စာတမ်းအတုများနောက်ကွယ်မှ အမှန်တကယ် လက်ခံရယူ သူဖြစ်သည်

မြန်မာ့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထိုရဟတ်ယာဉ်ကို “ခရီးသွားလုပ်ငန်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း” တို့တွင် အသုံးပြုမည်ဟု ဖော်ပြထားသည့် ရုံးစာတစ်စောင်ကို ဘရာဇီး အာဏာပိုင် များထံ ပေးပို့ခဲ့သည်။ ထိုရုံးစာကို ကေတီအုပ်စုက လက်ရေးဖြင့် မှတ်စုထုတ်ထားသော စာကြမ်းများအပေါ် မူတည်ပြီး ရေးသားထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားဝန်ထမ်း၏ ဖွင့်ဟချက်နှင့် The Times က လေ့လာစုံစမ်းခဲ့သော စာရွက်မိတ္တူများအရ သိရှိရပါသည်။

အတွင်းစည်းမှ သီးသန့် လျှို့ဝှက်စာရွက်စာတမ်းများတွင် ရဟတ်ယာဉ် ရယူလက်ခံသူအဖြစ် တပ်မတော်အရာရှိ တစ်ဦးကို အမည်ထည့်ထားကြောင်း တွေ့ရသည်။ ၎င်းစာရွက်စာတမ်းများကိုလည်း The Times သတင်းစာက စုံစမ်းတွေ့ရှိခဲ့ပြီးဖြစ်သည်။

ကျော်သောင်း မိသားစုပိုင် လေကြောင်း ကုမ္ပဏီတစ်ခုဖြစ်သော MWG က ရဟတ်ယာဉ် လာပို့မည့် ဘရာဇီး လေယာဉ်မောင်းနှင့် လေယာဉ်ဝန်ထမ်း ၆ ဦးအတွက် ပြည်ဝင်ခွင့် တောင်းခံသည့်စာသည် အရပ်ဘက် လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနသို့ လိပ်မူပေးပို့ခြင်း မဟုတ်ဘဲ ကာကွယ်ရေးဦးစီးချုပ် (လေ) ထံသို့ လိပ်မူပေးပို့ထားသည်။ ထိုရုံးစာကို The Times သတင်းစာက စုံစမ်းတွေ့ရှိပြီးဖြစ်ရာ၊ ထိုစာတွင် MWG ကုမ္ပဏီက ထိုရဟတ်ယာဉ်ကို လေတပ်ထံ လွှဲပြောင်းပေးပို့မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

မြန်မာလေတပ်မှ ရဟတ်ယာဉ်များကို အောက်တိုဘာလတွင် တွေ့ရစဉ်။  အမှ??

Related Articles

Back to top button